ကိုယ်ဝန်ဆောင်ချိန်မှာ ခရီးသွားမယ်ဆိုရင် ဘာတွေ ယူသွားမလဲ
ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ပြေလက်ပျောက် ခရီးသွားချင်လို့ဖြစ်ဖြစ် မဖြစ်မနေ အကြောင်းအရင်းတစ်ခုခုကြောင့် ခရီးသွားစရာ ကြုံလာခဲ့ပြီဆိုရင် ခရီးစဉ်တလျှောက် မိခင်ရော ကလေးပါ ကျန်းမာစေဖို့ သတိထားရမယ့် အချက်တွေ၊ လိုက်နာစရာလေးတွေ ရှိသလို ခရီးမှာ ကိုယ်နဲ့အတူတစ်ပါတည်း မဖြစ်မနေ ယူဆောင်သွားရမယ့် အရာတွေလည်း ရှိပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ခရီးသွားရင် ဘာတွေ သယ်ဆောင်သွားရမလဲဆိုတာကို သိရှိနိုင်ဖို့ လေ့လာလိုက်ပါဦးနော်။
- ရေဘူး
ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ပြည့်ဝဖို့က အတော်လေး အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိရက်နဲ့ ခရီးသွားတော့မယ်ဆိုရင် သောက်စရာ ရေသန့်သန့်လေးကို ကျန်းမာရေးနဲ့ ညီညွတ်စွာ ထုတ်ထားတဲ့ ဘူးလေးတွေနဲ့ ထည့်ပြီး သယ်သွားပါ။ အခြားသူတွေနဲ့ မျှသောက်တာမျိုး မလုပ်ပါနဲ့။ ရောဂါပိုးတွေ ကူးစက်မှုကို ကာကွယ်နိုင်စေဖို့ပါ။
- အဆာပြေ စားစရာလေးတွေ
ကိုယ်ဝန်ဆောင်ချိန်မှာ အချိန်မရွေးဗိုက်ဆာနိုင်ပါတယ်။ ဒီလို ဗိုက်ဆာတဲ့အခါ အဆာခံနေတာက မေမေရော ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်ဆာချိန်မှာ အလွယ်တကူ စားလို့ ရစေဖို့ အချို အငန် မကဲဘဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆာပြေ စားစရာလေးတွေကို ယူဆောင်သွားပါ။
- နေ့စဉ် သောက်သုံးနေရတဲ့ ဆေးတွေ
ကိုယ်ဝန်ဆောင် အားဆေးကစလို့ ဆရာဝန် ညွှန်ကြားထားလိုပ နေ့စဉ် သောက်သုံးနေရတဲ့ ဆေးတွေကို ခရီးသွားမယ့်ရက်စာ အလုံအလောက် ပြင်ဆင်သွားပါ။ ဖြစ်နိုင်ရင် ၂ ရက်စာလောက် အပိုဆောင်သွားတာမျိုး လုပ်ပေးပါ။ ခရီးက ကြန့်ကြာရင်ဖြစ်ဖြစ် ဆေးတွေ ပြုတ်ကျတာ ထားသိုမှုပုံစံကြောင့် ပျက်စီးတာတွေဖြစ်ရင် ဆေးမသောက်လိုက်ရဘဲ မနေရအောင်ပါ။
- လက်သန့်ဆေးရည်
ကိုယ်ဝန်ဆောင်ချိန်က ကိုယ်ခံအား နည်းနေတာကြောင့် ရောဂါပိုးတွေ အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ လက်သန့်ဆေးရည်ကို အသုံးပြုပေးပါ။
- နှာခေါင်းစည်း
ကိုဗစ်တွေက အပြီးတိုင် ပျောက်ကွယ်မသွားသေးသလို ပတ်ဝန်းကျင်မှာ ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ ဒုနဲ့ဒေးရှိနေတာကြောင့် ဘယ်သွားသွား မတ်ခ်တပ်သွားတာက အကောင်းဆုံးပါ။ ဒါကြောင့် နှာခေါင်းစည်းကို လုံလုံလောက်လောက် ယူသွားဖို့ မမေ့ပါနဲ့။
- ဆေးမှတ်တမ်းတွေ
ဆေးမှတ်တမ်းတွေက ခရီးသွားရင် လုံးဝ မမေ့သင့်တဲ့ အရာတွေပါ။ အထူးသဖြင့် ကိုယ်ဝန်က တတိယ ၃ လပတ်ထဲ ရောက်လာပြီ ဆိုရင်ပေါ့။ ခရီးမှာ တစ်ခုခု အရေးအကြောင်းဆိုရင် ဆေးမှတ်တမ်း ပြနိုင်ဖို့ ဆေးမှတ်တမ်းကို ပါအောင် ယူသွားပေးပါ။
ဒါတွေအပြင် အခြား ကိုယ့်ရဲ့ နေ့စဉ်သုံး အသုံးအဆောင်လေးတွေကို ထည့်လို့ ခရီးစဉ်မှာ လိုလေသေးမရှိစေဖို့ သေချာလေး ပြင်ဆင်ပေးလိုက်ပါ။
မွန်မွန်